မေယုတောင်ကြောမှာ တပ်အင်အား တိုးချဲ့ထားတယ်လို့ ပြော


2017.08.04
maungtaw-dead-622.jpg မောင်တောမြို့နယ် ကိုင်းကြီး(မြို)ကျေးရွာသားတွေ သေဆုံး၊ ပျောက်ဆုံးသွားတဲ့နေရာပြ မြေပုံ
Photo: State Counsellor Office Information Committee's Facebook

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကိုင်းကြီးရွာသား ၆ ဦး မနေ့က အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရပြီးနောက်ပိုင်း မေယုတောင်ကြောတဝိုက်မှာ တပ်မတော်က လုံခြုံရေးကို ထပ်မံ တိုးချဲ့ချထားလိုက်ပြီး နယ်မြေလုံခြုံမှုအတွက် ရခိုင်ပြည်နယ်အစိုးရနဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့တွေ မောင်တော ခရိုင်ရုံးမှာ ဒီကနေ့ အရေးပေါ်အစည်းအဝေးလုပ်ခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ပြည်နယ်ဝန်ကြီး ၄ ဦးအပါအဝင် နယ်မြေခံတပ်မတော်စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ပြောပါတယ်။

"တပ်မတော်စစ်ကြောင်းတွေကို ပိုပြီးတော့တိုးချဲ့ပြီးတော့ မေယုတောင်ကြောပေါ်မှာဆို တပ်ရင်း ၃ ရင်း ၄ ရင်းလောက်ကို လှုပ်ရှားပြီးတော့ကို စိုးမိုးပေးထားတယ်၊ နယ်ခြားစောင့်ရဲတပ်ရင်းအဖွဲ့တွေ ကလည်း ကျေးရွာထဲမှာထိရှိတယ်၊"

မနေ့က ကိုင်းကြီးရွာသား ၆ ဦးကို အကြမ်းဖက်သမားတွေက လုပ်ကြံခဲ့သလို ရွာသား ၂ ဦးလည်း ပျောက်ဆုံးနေ တဲ့အတွက် ရှာဖွေနေတယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

သေဆုံးသွားတဲ့ ကိုင်းကြီးရွာသားခြောက်ဦးအတွက် ပြည်နယ်အစိုးရက တစ်ဦးကို ကျပ် ဆယ်သိန်းစီ ထောက်ပံ့ပေးခဲ့ပြီး နာရေးကိစ္စတွေကိုလည်း ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။