နေပြည်တော်အထိ လမ်းလျှောက်ဆန္ဒပြမယ့်သူတွေ တားမြစ်ခံရ


2018.07.23
aungthapyay-protest-622.jpg လမ်းလျှောက်ဆန္ဒပြတဲ့ အောင်သပြေဒေသခံတွေကို ၂၀၁၈၊ ဇူလိုင် ၂၃ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေ တားမြစ်စဉ်
Photo: Khaymani Win

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး နေပြည်တော်အထိ ချီတက်ဆန္ဒပြဖို့ ကြိုးပမ်းခဲ့တဲ့ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာနဲ့ သရက်ကိုင်းကျေးရွာက ဒေသခံ ၅၀ ကျော်ဟာ မန္တလေး-မတ္တရာ ကားလမ်းပေါ်က ကြာနီကန် ရဲကင်းအနီးမှာ တားမြစ်ခံလိုက်ရပါတယ်။

ဆန္ဒပြပွဲ တားမြစ်ခံရတဲ့အပေါ် မကျေနပ်ဘူးလို့ အောင်သပြေကျေးရွာက ဦးရွှေအုန်းက ပြောပါတယ်။

"တိုင်းဒေသကြီးအစိုးရနဲ့ အထက်က လူကြီးမင်းတွေအားလုံးကို ဒေသကို ကွင်းဆင်းပြီး မြေပြင်အဖြစ်အပျက်ကို သိပြီး ဒေသခံပြည်သူရဲ့ သဘောထားစစ်စစ်ကို နားထောင်ပြီးတော့ ဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ကျနော်တို့မှာ အဖိနှိပ်ခံရတယ်လို့ မှတ်ချက်ပေးချင်ပါတယ်။ လုံးဝဖိနှိပ်တာပါ။ မကျေနပ်ပါဘူး"

အဲဒီ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးမှာ တည်ဆောက်နေ တာဖြစ်ပြီး ကျေးရွာနဲ့နီးကပ်တဲ့ နေရာမှာတည်ရှိတာကြောင့် စက်ရုံတည်ဆောက်မှုကို ဒေသခံတွေက ကန့်ကွက် ကြတာဖြစ်ပါတယ်။

ဒေသခံတွေက ဒီနေ့ ဆန္ဒပြ ချီတက်ခွင့်တင်ထားပေမယ့် နယ်ကျော်ဖြစ်နေတာကြောင့် ခွင့်ပြုချက် မပေးတာ ဖြစ်ကြောင်း တားမြစ်ရာမှာ ပါဝင်တဲ့ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညွန့်သန်း က ပြောပါတယ်။

အဲဒီစီမံကိန်းကို မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက တည်ဆောက်တာဖြစ်ပြီး လတ်တလောမှာ ကုမ္ပဏီနဲ့ ရွာသားတွေ အကြား အပြန်အလှန် တရားစွဲဆိုမှုတွေ ရှိနေပါတယ်။ မနေ့ကတော့ စီမံကိန်းကို ကန့်ကွက်ထားတဲ့ ရွာတွေထဲက သရက်ကိုင်းရွာသူ အမျိုးသမီးတစ်ဦးကို လမ်းတံတားဥပဒေနဲ့ အရေးယူ ဖမ်းဆီးထားပါတယ်။ ဆန္ဒပြသူတွေက ဖမ်းဆီးထားတဲ့ ဒေသခံတစ်ဦးကို ပြန်လွှတ်ပေးဖို့နဲ့ စီမံကိန်းကို ဖျက်သိမ်းပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။

ပုသိမ်ကြီးမြို့နယ်ကနေ နေပြည်တော်ထိ လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်မယ့် ရွာသားတွေကို ပထအအဆင့်အနေနဲ့ ကြာနီကန် ရဲကင်းအနီးမှာ ရဲတပ်ဖွဲ့အင်အား ၃၀ ခန့်က လမ်းတစ်ခြမ်းပိတ်ကာ တားဆီးခဲ့သလို မန္တလေးမြို့အဝင် ရွှေကျင်တိုးဂိတ်အကျော်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက တားမြစ်ဖို့ စောင့်ဆိုင်းခဲ့ ကြပါတယ်။

တားမြစ်မှုတွေကြောင့် နေပြည်တော်အထိ ချီတက်လမ်းလျှောက်မယ့် ဒေသခံတွေက ဆန္ဒပြမှုကို ရပ်ဆိုင်းလိုက် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။