မဲရှုံးတဲ့ မတ္တရာအမတ်လောင်း ဆန္ဒပြခွင့် ပိတ်ပင်ခံရ
2020.11.30

၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်သန့်ရှင်းတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆိုပြီး မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ကနေ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဦးရဲဝင်းက ဒီနေ့ မတ္တရာမြို့မှာ ဆန္ဒဖော်ထုတ်ဖို့ ပြင်ဆင်နေစဉ် စီမံခန့်ခွဲရေး ကော်မတီဝင်တွေက လာရောက်တားမြစ်လို့ ဆန္ဒထုတ်ဖော်ခွင့်မရခဲ့ပါဘူး။
ကပ်ရောဂါကာလဖြစ်တာမို့ ဆန္ဒထုတ်ဖော်မှုမလုပ်ဖို့ လာရောက်တားဖြစ်ကြတာလို့ တားမြစ်ခံရတဲ့ ဦးရဲဝင်း က ပြောပါတယ်။
"ငြိမ်းစုစည်နဲ့အညီ ဆောင်ရွက်တာကို သူတို့က ကိုဗစ်ကာလကို အကြောင်းပြတယ်။ တရားမျှတမှုကို လိုလားလို့၊ အမှန်တရားကို လိုလားလို့၊ အများပြည်သူကို ဘေးအန္တရာယ်ဖြစ်မှာကို စိုးရိမ်လို့ အမျိုးမျိုးတင်ပြခဲ့တယ်။ အခုက ညှိနှိုင်းဦးမယ်ဆိုတော့ သွားညှိနှိုင်းပါမယ်။ အခြေအနေကြည့်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ရင်လည်း ပြန်လုပ်ပါမယ်"
စီမံခန့်ခွဲရေးကော်မတီကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဦးရဲဝင်းဟာ မတ္တရာမြို့အဝင်မှာ ငြိမ်းစုစည်နဲ့အညီ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ဖို့ အခုလ ၂၇ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲမှူးရုံးကို စာတင်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေချိန်မှာ မြို့နယ်ရဲတပ်ဖွဲ့က အကြောင်းပြန်ကြားလိုက်တဲ့ စာရောက်ရှိလာပြီး အဲဒီစာမှာတော့ မတ္တရာမြို့နယ်က ရောဂါပိုးတွေ့ရှိသူတွေများနေသလို နေအိမ်မှာသာနေကြဖို့ ပန်ကြားထားတဲ့ ကာလဖြစ်နေတာမို့ ခွင့်မပြုကြောင်း ရေးထားပါတယ်။
ဒါ့အပြင် မြို့အဝင်မှာ ကုန်တက်ယာဉ်မောင်းတွေကို ကိုဗစ် ၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးနေပြီး စစ်ဆေးရေးဂိတ်နဲ့ နီးကပ်နေတာမို့ အများပြည်သူ အသုံးပြုတဲ့နေရာမှာ ဆန္ဒပြခွင့်မပြုတာလို့လည်း ရေးသားထားပါတယ်။
ဆန္ဒပြဖို့ ပြင်ဆင်ခဲ့တဲ့ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သူ ဦးရဲဝင်းကတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ တရားဥပဒေ စိုးမိုးမှုမရှိဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ ရွေးကောက်ပွဲလို့ စွပ်စွဲပြစ်တင်ပါတယ်။
အခုလ ၁၁ ရက်နေ့က နေပြည်တော်မှာ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးလို့ ဆန္ဒပြခဲ့သူတွေထဲက ခေါင်းဆောင်နှစ်ဦးကို ဥတ္တရသီရိမြို့နယ် တရားရုံးက ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် ၁ လစီ အမိန့်ချမှတ်ခဲ့တာရှိပါတယ်။