အနုမြူဆိုင်ရာစာချုပ်ကို IAEA နဲ့ လက်မှတ်ရေးထိုးရန် မြန်မာအစိုးရ ပြင်ဆင်

IAEA ခေါ် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီရဲ့ နောက်တိုးလိုက်နာရန် အချက်အလက်များ (Additional Protocol) ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးမှာဖြစ်ကြောင်း အစိုးရက ကြေညာခဲ့ပေမဲ့ အမေရိကန် ပြည်ထောင်စု လွှတ်တော်အမတ်တချို့နဲ့ ကျွမ်းကျင်သူ တချို့ကတော့ သတိနဲ့ စောင့်ကြည့်ရဦးမယ်လို့ ပြောဆိုကြပါတယ်။

2012.11.21

IAEA ရဲ့ နောက်တိုးအချက်တွေကို လက်မှတ်ထိုးလိုက်တာနဲ့ အဲဒီနိုင်ငံရဲ့ အနုမြူအစီအစဉ်ဆိုင်ရာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မသင်္ကာဖွယ် လျှို့ဝှက်ဆောင်ရွက်ချက်တွေရှိနေတယ်ဆိုရင် IAEA က ဝင်ရောက် စစ်ဆေးခွင့်ရှိသွားမှာ ဖြစ်ပါတယ်။

ဒီအချက်တွေကို လက်မှတ်ရေးထိုးမယ်လို့ ဦးသိန်းစိန် အစိုးရက အမေရိကန်သမ္မတ အိုဘားမားမလာခင် တစ်ရက်က ကြေညာခဲ့တာပါ။ ဒီကြေညာချက်အပေါ် ဝါရှင်တန်အခြေစိုက်  သိပ္ပံနဲ့ နိုင်ငံတကာလုံခြုံရေးဌာနက အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောဆိုကြိုဆိုလိုက်ပါတယ်။

ဒါပေမဲ့ ရီပါဘလီကင်လွှတ်တော်အမတ် ရစ်ချတ်လူဂါ ကတော့ မြန်မာအစိုးရက ဘယ်လောက်အတိုင်းအတာအထိ စစ်ဆေးခွင့်ပြုမလဲဆိုတဲ့အပေါ် သံသယရှိကြောင်း၊ မြန်မာ မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ပတ်သက်ပြီး အပြည့်အဝဖွင့်ပြမှသာ နိုင်ငံတကာက စိတ်ချယုံကြည်နိုင်မှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

အိုဘားမားအစိုးရကတော့ မြန်မာနဲ့ မြောက်ကိုရီးယားကြား စစ်ရေးဆက်ဆံမှုဟာ အသေးစားလက်နက်တွေနဲ့ ဒုံးပျံ အရောင်းအဝယ်လောက်ပဲ ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

သိပ္ပံနဲ့ နိုင်ငံတကာလုံခြုံရေးဌာန က ကျွမ်းကျင်သူတွေကလည်း မြန်မာအနေနဲ့ IAEA  က ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ပြီး  ပြီးခဲ့တဲ့ကာလအတွင်း မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု၊ အနုမြူအစီအစဉ် ပူးပေါင်းဆောင်ရွက်မှုရှိ မရှိ စတဲ့ မေးမြန်းချက်တွေကို ဖြေကြားသင့်တယ်လို့ အစီရင်ခံစာတစ်စောင်မှာ အကြံပြုလိုက်ပါတယ်။  

IAEA ညွှန်ကြားရေးမှူးဟောင်း ရောဘတ်ကယ်လီ ကတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရဟာ လူသိရှင်ကြားအမေးမြန်းခံခဲ့ရပြီးသားပါ။ သူ့အဖြေကလည်း မဟုတ်ဘူးလို့ ငြင်းတာပါပဲ။ ဒီတော့ IAEA မှာ မြန်မာနဲ့ပတ်သက်ပြီး ဘာအချက်အလက်မှမရှိဘဲ ဖြစ်နေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။