ထောင်တွင်း အစာငတ်ခံဆန္ဒပြသူ ၃ ဦးကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထား


2013.12.18

ပဲခူးတိုင်း ပေါင်းတည်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ မိတ္တီလာမြို့အခြေစိုက် ပြည်သူ့အကျိူးဆောင်ကွန်ရက် က ဒေါ်မြင့်မြင့်အေး ၊ ဒေါ်ခင်မိမိခိုင်နဲ့ ကိုသန့်ဇင်ထက်တို့ ၃ ဦးကို အထောင်ဝင်စာ တွေ့ခွင့်မပေးတဲ့အတွက် သူတို့ရဲ့ကျန်းမာရေးကို စိုးရိမ်နေရတယ်လို့ မိသားစုဝင်တွေက ဒီကနေ့ ပြောပါတယ်။

သူတို့ ၃ ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် သောကြာနေ့ကစပြီး ထောင်တွင်းအစာငတ်ခံ ဆန္ဒပြနေကြတာဖြစ်ပြီး ကျန်းမာရေးချို့တဲ့လာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မိသားစုက ပြီးခဲ့တဲ့တနင်္လာနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက တွေ့ခွင့်မပေးခဲ့ဘူးလို့ ဒေါ်ခင်မိမိခိုင်ရဲ့အမဖြစ်သူ ဒေါ်အေးမှီ ကပြောပါတယ်။

“ထောင်စည်းကမ်းကို ဖောက်ဖျက်လို့ပါတဲ့၊ ထောင်စည်းကမ်းက ဘာလဲလို့မေးတော့ ထောင်က ချမှတ်ထားတဲ့ စည်းကမ်းပါတဲ့၊ ကျမတို့က အစာငတ်ခံ ဆန္ဒပြလို့လားဆိုတော့၊ ဘာမှတော့ မပြောဘူးရှင့်၊ ကျမက အဲဒါဆိုရင် ထောင်မှူးကြီးနဲ့ တွေ့ချင်ပါတယ်ဆိုတော့လေ ၁၁ နာရီကနေ ၃ နာရီအထိစောင့်တဲ့အထိ ထောင်မှူးကြီးက ဧည့်သည်ရှိလို့၊ အစည်းအဝေးရှိလို့ဆိုပြီး မတွေ့ခဲ့ရပါဘူး၊ အဲဒါနဲ့ကျမက ရတယ် ညနေအထိ စောင့်မယ်ဆိုတဲ့အခါကျတော့ လက်ထောက်ထောင်မှူးဆိုတာ လာတွေ့ပါတယ်၊ လာတဲ့တဲ့အခါကျတော့ သူတို့က ဘာသိချင်လဲမေးတဲ့အခါကျတော့ ကျမတို့က ကျန်းမာရေး အခြေအနေကို သိချင်ပါတယ်လို့မေးပါတယ်၊ သူတို့က ကောင်းပါတယ်လို့ဖြေပါတယ်၊ အဲဒီနေ့ကတော့ အစာငတ်ခံ ဆန္ဒပြတာ ၄ ရက်မြောက်နေ့ပေါ့”

ကိုသန့်ဇင်ထက်ကို မိသားစုက အခုလ ၁၄ ရက်နေ့ကရော ၁၆ ရက်နေ့ကပါ နှစ်ကြိမ်တိတိ တွေ့ဆုံဖို့ သွားရောက်ခဲ့ပေမယ့် တွေ့ခွင့်မရဘူးလို့လည်း သိရပါတယ်၊ အလားတူ ဒေါ်မြင့်မြင့်အေးရဲ့ မိသားစုကလည်း ပေါင်းတည်ထောင်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ တစ်စုံတရာ ပြန်လည်ဖြေကြားတာမရှိဘူးလို့ သိရပါတယ်။

သူတို့ ၃ဦးဟာ ပဲခူးတိုင်းအတွင်းက သိမ်းဆည်းခံ လယ်ယာမြေတွေပြန်ရဖို့ လယ်သမားတွေကို ကူညီပေးနေရင်း ဖမ်ဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကို အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၆ နဲ့ စွဲချက်တင်ခဲ့တာဖြစ်ပြီး၊ ဖမ်းဆီးတာ ၆ လကျော်နေပြီဖြစ်ပေမယ့် အမှုအတွက်အမိန့်မချဘဲ ကြန့်ကြာနေတာကြောင့် သူတို့ ၃ဦးဟာ ထောင်တွင်းမှာ အခုလို အစာငတ်ခံ ဆန္ဒပြနေကြတာဖြစ်ပါတယ်၊

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မိသားစုဝင်တွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။