အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိဖို့ အပါအဝင် ၄ ချက်တောင်းဆို
2019.05.09

နိုင်ငံတော်သမ္မတက ၂ လအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၃ ကြိမ်ပေးအပြီးမှာ အကျဉ်းထောင် ၆ ခုလောက်မှာ အကျဉ်းသားတွေက တူညီတဲ့ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မေလ ၈ ရက်နေ့စပြီး ကလေးအကျဉ်းထောင်တွင်း အကျဉ်းသားတွေက တောင်းဆိုချက် ၄ ချက်ကို တောင်းဆိုပြီး မနေ့ ညပိုင်းမှာ စစ်ကိုင်းတိုင်း ရွှေဘိုထောင်၊ ကရင်ပြည်နယ်က တောင်ကလေး အကျဉ်းထောင်တို့မှာ ဆန္ဒပြ ခဲ့ကြပါတယ်။ တဆက်တည်းမှာပဲ ဒီနေ့ မနက်ပိုင်းကစပြီး ပဲခူးတိုင်းက သာယာဝတီ အကျဉ်းထောင်၊ ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်နဲ့ ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်တွေမှာ ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။
အကျဉ်းထောင် ၆ ခုလုံးက အကျဉ်းသားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိဖို့၊ လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ခွင့်ပေးဖို့၊ မီဒီယာတွေနဲ့ ချိတ်ဆက်ပေးဖို့နဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ခွင့်ပေးဖို့ ဆိုတဲ့အချက်တွေကို တောင်းဆိုခဲ့ကြတာပါ။
ဆန္ဒပြဆူပူမှုတွေကို ထိန်းသိမ်းခဲ့တဲ့ ထောင်တွေထဲမှာ စစ်ကိုင်းတိုင်း ရွှေဘိုထောင်မှာတော့ လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရွှေဘိုထောင်အတွင်း သေဆုံးသူတွေကို သွားထုတ်တဲ့ နာရေးကူညီမှုအသင်းရဲ့ ထုတ်ပြန်ချက်အရ လူ ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်နိုင် ရွှေဘိုထောင်ကို သွားရောက်ခဲ့ပြီး ဆူပူမှုတွေကို ထိန်းသိမ်းလိုက်နိုင် ပြီဖြစ်ကြောင်းနဲ့ တောင်းဆိုမှုတွေကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ ဒီနေ့မနက် ၅ နာရီဝန်းကျင်ခန့်ကစပြီး အကျဉ်းသားတွေက တန်းတူညီမျှ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အပါအဝင် အချက် ၄ ချက်ကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
သတင်း မီဒီယာတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ဆုံခွင့်ပေးဖို့နဲ့ တန်းတူညီမျှ လွတ်ငြိမ်းချမ်းသာရရှိခွင့်နဲ့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရရှိရေးအတွက် တောင်းဆိုနေကြတာဖြစ်တယ်လို့ သိရပါတယ်။
ထောင်တွင်း ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အကျဉ်းဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းထွန်းစိုးကို RFA ကဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနကို ဆက်လက် ဆက်သွယ်ပေမယ့် အကျဉ်းဦးစီးဌာနကိုသာ မေးဖို့ ပြောခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခနဲ့ မအဲလိဇဘက်ဂျန်မာ တို့ ပေးပို့လိုက်တာပါ။