ရွှေဘိုထောင်ဆူပူမှု ထောင် ခြောက်လစီ ချမှတ်တဲ့အပြင် ဆက်လက်စစ်ဆေးနေ


2019.05.14
shwebo-prison-unrest-622.JPG စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုထောင်အတွင်း ဆန္ဒပြတာတွေကို လူမှုကွန်ရက်မှာ တိုက်ရိုက်တင်ခဲ့တာကို တွေ့ရစဉ်
Photo: Aye Lwin - fb

ထောင်ဆူပူမှုဖြစ်ပွားနေတာကို လူမှုကွန်ယက် Facebook မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ အကျဉ်းသားအပါအဝင် အကျဉ်းသား ခြောက်ဦးနဲ့ အကျဉ်းထောင်ဝန်ထမ်း တစ်ဦးကို ထောင် ခြောက်လစီ ကျခံဖို့ မနေ့က အမိန့်ချမှတ်လိုက်တဲ့အပြင် အီလက်ထရောနစ် အက်ဥပဒေနဲ့ အရေးယူဖို့ စစ်ဆေးနေတယ်လို့ အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက RFA ကို ဒီနေ့ ပြောလိုက်ပါတယ်။

အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ ၄၂ အရ ထောင်ဒဏ် ခြောက်လစီ မနေ့က ချမှတ်လိုက်တာ ဖြစ်ပြီး ကျန်ရှိနေတဲ့ပြစ်မှုတွေအတွက် ဆက်လက်စစ်ဆေးနေပြီး နောက် သုံးရက်အတွင်းမှာ ဆုံးဖြတ်ချက် သိရမယ်လို့ ပြောပါတယ်။

မေ ၉ ရက်နေ့က စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ အကျဉ်းသားကိုယ်စားလှယ်တွေ တွေ့ဆုံချိန်မှာ ထောင်အတွင်း ဆူပူဖို့အတွက် ထောင်ပိုင်ကိုယ်တိုင် ပြုလုပ်ခိုင်းတာလို့ အကျဉ်းသားတွေက ထွက်ဆိုခဲ့ကြောင်း သတင်းတွေထွက်နေတဲ့အပေါ် RFA က မေးမြန်းရာမှာတော့ ဦးမင်းထွန်းစိုးက ငြင်းဆိုပါတယ်။

အဲဒီနေ့က တွေ့ဆုံဆွေးနွေးပွဲမှာ သတင်းယူခဲ့တဲ့ မန္တလေးအခြေစိုက် သတင်းထောက်တစ်ဦးက အကျဉ်းသားတွေ ထွက်ဆိုခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း ပြောပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအကျဉ်းထောင်က မေ ၈ ရက်နေ့မှာ စတင်ဆန္ဒပြခဲ့ပြီး အဲဒီနေ ညပိုင်းမှာ ရွှေဘိုထောင်၊ မနက်ပိုင်းမှာ မြစ်ကြီးနားထောင်၊ ပုသိမ်ထောင်၊ ဘားအံ၊ ထားဝယ်နဲ့ သာယာဝတီထောင်တွေမှာ ဆူပူမှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။