ဖမ်းဆီးခံရတဲ့ အမျိုးသမီးတစ်ဦးကို လွှတ်ပေးဖို့ တောင်းဆို
2018.07.22

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်အတွင်းမှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံအနီးက အောင်သပြေ-သရက်ကိုင်း ကျေးရွာချင်းဆက်လမ်း နယ်နိမိတ်အတွင်းမှာ ကျူးကျော်ခြံခတ်ထားတယ်ဆိုပြီး သရက်ကိုင်းကျေးရွာက အမျိုးသမီးတစ်ဦးကို ဒီနေ့ ဖမ်းဆီးသွားတဲ့အတွက် ပုသိမ်ကြီးမြို့နယ် ရဲစခန်းရှေ့မှာ ဒေသခံတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသမီးကို ပြန်လွှတ်ပေးတဲ့အထိ တောင်းဆိုသွားမယ်လို့ သရက်ကိုင်းရွာက ကိုထွန်းနိုင် က ပြောပါတယ်။
"အခု ဖမ်းသွားတာလည်း သူတို့က ဘယ်လိုပြောရမလဲဆိုလို့ရှိရင် လူသတ်မှုပုံစံမျိုးနဲ့ လာဖမ်းတာလား၊ ဒါမှမဟုတ် ပြစ်မှုကျူးလွန်တယ်ဆိုတာလည်း ပြစ်မှုကျူးလွန်တဲ့အကြောင်းကိုလည်း သူတို့မသိဘူး။ တောင်သူ တွေကို ဘာမှမဟုတ်ဘဲ သတိပေးစာတွေပို့ပြီး ဆွေးနွေးညှိနှိုင်းမှု မရှိဘဲနဲ့ သက်သက်မဲ့လာဖမ်းသွားတာတော့ ကျနော်တို့ ဒေသခံတွေအနေနဲ့ ဘယ်လိုနည်းနဲ့မှ မကျေနပ်နိုင်ဘူး။ အဲဒါကြောင့် ကျနော်တို့ ဒီဟာကို တခါတည်း လွှတ်ပေးဖို့ တောင်းဆိုမယ်။ တောင်းဆိုလို့မရရင် ကျနော်တို့ ဒါကို မရ ရအောင် အထက်ထိ တက်မယ်"
ပုသိမ်ကြီးမြို့မ ရဲစခန်းမှုး ဒု ရဲမှုး မင်းသိန်းကတော့ အဲဒီအမျိုးသမီးကို မန္တလေးတိုင်းဒေသကြီး လမ်းတံတားများ ဥပဒေပုဒ်မ ၂၂ အရ ဖမ်းဆီးတာဖြစ်တယ်လို့ ပြောပါတယ်။
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်း တည်ဆောက်နေမှုအနီးက သရက်ကိုင်းရွာမှာ နေထိုင်တဲ့ ဒေါ်မြမြကို လမ်းတံတားဥပဒေနဲ့ ဒီနေ့ မနက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဒေါ်မြမြကို ပြန်လွှတ်ပေးဖို့ ရဲစခန်းရှေ့မှာ တောင်းဆိုတဲ့ ရွာသားတွေနဲ့ တာဝန်ကျ ရဲတပ်ဖွဲ့တွေကြား ရုန်းရင်း ဆန်ခတ် ဖြစ်ပွားမူလည်း ရှိခဲ့ပါတယ်။
ရွာသားတွေက ဒီကိစ္စကို နေပြည်တော် အထိ သွားရောက် ဆန္ဒပြဖို့ ခွင့်ပြုချက် တောင်းခဲ့ပေမယ့် ရဲစခန်းက ခွင့်မပြုခဲ့ဘူးလို့ ပြောပါတယ်။
အောင်သပြေကျေးရွာအနီးမှာ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ဆောက်လုပ်နေတဲ့အတွက် ဒေသခံတွေ လူမှုဘဝထိခိုက်နစ်နာသလို သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးတယ်ဆိုပြီး ကန့်ကွက်နေကြတာဖြစ်ပါတယ်။
ကုမ္ပဏီကို ၂၀၁၅ ခုနှစ် ဇွန်လ က လုပ်ကိုင်ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ စက်ရုံတည်ဆောက်ဖို့ ပန္နက်တင်အခမ်းအနား ကျင်းပခဲ့ပါတယ်။