၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုပေးရေး MPU အဖွဲ့ အဆိုပြု
2012.05.27

မေလ (၂၇) ရက် ဒီကနေ့ဟာ ၁၉၉၀ ခုနှစ်တုန်းက စစ်အစိုးရ တာဝန်ရှိသူတွေ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး မဲဆန္ဒနယ် (၄၈၅) နေရာမှာ NLD ပါတီက (၃၉၂) နေရာ အပြတ်အသတ် အနိုင်ရခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရ အဆက်ဆက်က အသိအမှတ် မပြုခဲ့ပေမယ့် ဦးသိန်းစိန် အစိုးရနဲ့ လက်ရှိ ပြည်ထောင်စုလွှတ်တော်က နည်းလမ်းတွေရှာပြီး အသိမှတ်ပြုမှသာ နိုင်ငံရေးပြဿနာတွေ ပြေလည်နိုင်ဖွယ်ရာ ရှိတယ်လို့ (MPU) အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးမောင်မောင်အေးက ပြောပါတယ်။
"၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဒီ နဝတ နအဖအစိုးရ လက်ထက်က လစ်လျူရှုခဲ့တယ်။ အခု ဦးသိန်းစိန်အစိုးရ အနေနဲ့ ဆက်ပြီးတော့ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဦးသိန်းစိန်အစိုးရနဲ့ လက်ရှိ ပြည်ထောင်စုလွှတ်တော်က နည်းလမ်းတွေရှာပြီး ဘယ်လိုနည်းနဲ့ အသိအမှတ်ပြုမယ်ဆိုတာ ဆွေးနွေးစေချင်တယ်။ သမိုင်းဝင်ရွေးကောက်ပွဲ ရလဒ်ကို မဖြေရှင်းသမျှ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြဿနာတစ်ခုအဖြစ် ဆက်ရှိနေမယ်ဆိုတာကို ပြောချင်တာပါ။ လွှတ်တော်တွင်းမှာ သာမကဘဲ လွှတ်တော်ပြင်ပမှာ အမျိုးသားညီလာခံလိုခေါ်ပြီး ဆွေးနွေးစေချင်တယ်လို့ ကျွန်တော်တို့ တင်ပြထားပါတယ်။"
လက်ရှိ သြစတြေးလျနိုင်ငံမှာ နေထိုင်နေတဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ မန္တလေးတိုင်း ကိုယ်စားလှယ်တဦး ဖြစ်သူ ဦးမောင်မောင်အေး ပြောသွားတာပါ။
MPU ရဲ့ ကြေညာချက်ထဲမှာတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာဖို့၊ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ သက်ဆိုင်ရာ အင်အားစု အားလုံး ပါဝင်နိုင်မယ့် အမျိုးသား ညီလာခံကြီးတရပ် ခေါ်ယူပြီး နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။