Hemp စိုက်ပျိုးမှုနဲ့ ဖမ်းခံရသူရဲ့ဇနီး မြန်မာနဲ့ ကန် ခေါင်းဆောင်တွေကို မေတ္တာရပ်ခံ
2019.06.15

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာစက်မှု ဥယျာဉ်မြို့တော်မှာ Marijuana ဆေးခြောက်ပင်တွေ စိုက်ပျိုး ခဲ့တယ်ဆိုပြီး မူးယစ်ဆေးဝါးမှုနဲ့ မြင်းခြံထောင်မှာ ဖမ်းဆီးခံနေရတဲ့ အမေရိကနု်နိုင်ငံသား John Todoroki ဂျွန် တိုဒိုရိုးကီရဲ့ ဇနီး Ann Todoroki အန်း တိုဒိုရိုးကီ က မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရ ခေါင်းဆောင်တွေထံ မေတ္တာရပ်ခံစာတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၁၂ ရက်နေ့စွဲနဲ့ ရေးသားပေးပို့တဲ့ အဲဒီစာတွေမှာ သူ့ခင်ပွန်းဟာ မြန်မာ အာဏာပိုင်တွေထံကနေ Hemp ခေါ် ဆေးဝါးလုပ်ငန်းသုံး လျှော်ပင်တွေကို တရားဝင် ခွင့်ပြုချက်ရယူပြီး စိုက်ပျိုးခဲ့တာဖြစ်ကြောင်းနဲ့ အခု အသက် ၆၃ နှစ်ရှိပြီး သွေးတိုး၊ နှလုံးရောဂါနဲ့ အပူဒဏ်ကြောင့် မူးမော်တဲ့ဝေဒနာတွေကို ဆိုးဝါးစွာခံစားနေရကြောင်းတွေကို ဖော်ပြထားပြီး ရာဇဝတ်မှု တစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်း မရှိတဲ့အတွက် သူ့ခင်ပွန်းနဲ့အတူ ဖမ်းဆီးခံနေရတဲ့ မြန်မာ အလုပ်သမား နှစ်ဦး လွတ်မြောက်အောင် အကူအညီပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
အဲဒီစာတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်၊ နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပေယိုနဲ့ မြန်မာပြည်အရေး လှုပ်ရှားမှုအတွက် နာမည်ကျော်တဲ့ အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ်လ် တို့ထံကို ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။
John Todoroki ဂျွန် တိုဒိုရိုးကီ၊ ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုးတို့ကို ဧပြီ ၂၃ ရက်နေ့က ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မနဲ့ တရားစွဲဆိုကာ မြင်းခြံထောင်မှာ အခုချုပ်နှောင်ထားတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ သူတို့ရှေ့နေ ဦးသိန်းသန်းဦးက အဲဒီ ကုမ္ပဏီဟာ မန္တလေးတိုင်းအစိုးရထံက တရားဝင် ခွင့်ပြုမိန့်ရယူပြီး စိုက်ပျိုးခဲ့တာ ၁ဝ လကြာပြီဖြစ်ပြီး အခုလို အရေးယူဖမ်းဆီးမှုကြောင့် တိုင်းပြည်ရဲ့ဂုဏ်သိက္ခာနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုတွေကို ထိခိုက်စေတယ်လို့ ပြောကြားခဲ့ပါတယ်။