ဆေးခြောက်အမှုရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံသား ဆက်သွယ်လို့မရ


2020.01.02

မန္တလေး၊ မြို့သာစက်မှု ဥယျာဉ်အတွင်းမှာ ဆေးခြောက်လျော်ပင်စိုက်ပျိုးတာကြောင့် တရားစွဲဆိုထားခံထားရပြီး ကျန်းမာရေးအာမခံနဲ့ အပြင်မှာအမှုရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံသား ဂျပန်လူမျိုးဖြစ်တဲ့ Mr Jom Todoroki ကို ဆက်သွယ်မရဖြစ်နေတာဖြစ်ပါတယ်။

ဒါကြောင့် သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းသန်းဦးက ခုလိုဆက်သွယ်လို့ မရဖြစ်နေ တာကြောင့် ရှေ့နေပါဝါရုပ်သိမ်းခွင့်တင်ထားတယ်လို့ ဦးသိန်းသန်းဦး က ပြောပါတယ်။

ဆေးခြောက်လျော်ပင်စမ်းသပ်စိုက်ပျိုးမှုကို မန္တလေးတိုင်းအစိုးရ ခွင့်ပြုချက်နဲ့စိုက်ပျိုးခဲ့တာဖြစ်ပေမဲ့လည်း စိုက်ပျိုးခဲ့တဲ့ နိုင်ငံခြားသားတစ်ယောက်နဲ့ စိုက်ခင်းအတွင်းမှာ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသား  နှစ်ယောက်တို့ကို ဧပြီလ ကဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီလိုဖမ်းဆီးခဲ့ရာမှာ နိုင်ငံခြားသားဖြစ်တဲ့ Mr Jom ဟာ မြင်းခြံထောင်အတွင်းကနေ  သုံးလခန့်ကြာနေထိုင်ပြီး တရားရင်ဆိုင်ခဲ့ရတဲ့နောက် အမေရိကန်သံရုံးရဲ့ ထောက်ခံချက်နဲ့ သူ့ရဲ့ကျန်းမာရေးအရ ကျပ်သိန်း ၃၀၀၀ နဲ့ အာမခံရရှိခဲ့ပါတယ်။

အာမခံရပြီးတဲ့နောက် မန္တလေးမြို့က ပန်းလှိုင်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပါတယ်။

မြန်မာနိုင်ငံသား အလုပ်သမား နှစ်ယောက်ဖြစ်တဲ့ ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုး တို့ကတော့ မြင်းခြံထောင် အတွင်းကနေ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

မစ္စတာဂျွန်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ထိတော့ အဆက်အသွယ်ရှိခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကပြောပါတယ်။

"တရားရုံးက ငှားတဲ့သူကတဆင့်လုပ်ခိုင်းနေတာ၊ သူနဲ့မှဆက်သွယ်လို့မရတာ ဘယ်လိုလုပ်ပြီးတင်ပြရမှာလဲ၊ ငါတို့ကလှမ်းတော့ အကြောင်းကြားထားတယ်၊ ဟိုဘက်က ဘာမှအကြောင်းမပြန်ဘူး၊ သူမလာရင် သူ့ဖယ် ပြီးတော့ ဆက်သွားမှာပေါ့၊ ပြေးတာက ပြေးမှုပေါ့၊ တရားခံပြေးပေါ့"

အမေရိကန်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား နှစ်ဦးတို့ဟာ  ဆေးခြောက်လျော်ပင်စိုက်ပျိုးတဲ့အတွက်  ငါန်းဇွန်မြို့နယ် တရားရုံးနဲ့ မြင်းခြံခရိုင်တရားရုံးတို့မှာ အမှုရင်ဆိုင်နေရတာဖြစ်ကာ ဦးသိန်းသန်းဦးက ငါန်းဇွန်မြို့နယ် တရားရုံး အတွက်ကတော့ ရှေ့နေပါဝါရုပ်သိမ်းခွင့်တင်ထားပြီးဖြစ်ပါတယ်။

မြင်းခြံခရိုင်တရားရုံးကို တင်ပြဖို့အတွက်တော့ မစ္စတာဂျွန်ကို ကြိုးစားပြီးဆက်သွယ်နေသေးတယ်လို့ ဆိုပါတယ်။

စွဲဆိုထားတဲ့ အမှုကိုချေဖျက်ပေးဖို့အတွက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက မန္တလေးတိုင်း တရားလွှတ်တော်မှာ တင်ပြခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရပါတယ်။

စိုက်ခင်းထဲကအပင်တွေကို စစ်ဆေးရာမှာ ဓာတုဗေဒပြန်စာအရ  သိမ်းဆည်းရမိတဲ့  အညိုရောင်အစေးများနဲ့ အမဲရောင်အစေးတွေက ဆေးခြောက်တွေဖြစ်ပြီး အရည်တွေက အက်စီတုန်းအရည်တွေဖြစ်ဆိုတာ ပေါ်ပေါက် တဲ့အတွက် ရုပ်သိမ်းပေးဖို့တင်ပြခဲ့ပေမယ့်လည်း အဲဒီ အမှုကိုပယ်ချခဲ့တာလို့ မန္တလေးတိုင်း တရားလွှတ်တော်က သိရပါတယ်။

အခုလို မစ္စတာဂျွန်ကို ဆက်သွယ်လို့မရဖြစ်နေတဲ့အတွက် အမှုတွဲထဲမှာပါဝင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေအတွက်လည်း စိုးရိမ်ဖွယ်ဖြစ်ရတယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

သမီးဖြစ်သူဟာ ကျန်းမာရေးမကောင်းပဲ အကျဉ်းထောင်အတွင်းကနေ တရားရင်ဆိုင်နေရတာဖြစ်လို့ စိတ်ပူနေပါလို့ မရွှန်းလဲ့မြတ်နိုးရဲ့ မိခင်ဖြစ်သူကပြောပါတယ်။

“ဘာမှလုပ်မပေးပါဘူး၊ ရှေ့နေကြီးကတော့ပြောတယ်၊ ဆက်သွယ်လို့မရတော့ဘူးဆိုတာ့  စိတ်ပူတာပေါ့၊ သမီးလေးက ကြာလည်းကြာလှပြီ ၊ ကျန်းမာရေးလည်း စိတ်ပူတယ်။ ကလေး တစ်ခုခုဖြစ်မှာလည်းစိုးရိမ်တယ်။ အပြစ်မရှိတော့လွတ်စေချင်ပြီ၊ ကလေးက အခု စကားလည်းသိပ်မပြောတော့ဘူး၊ သူ့အဘွားဆို အိပ်ရာထဲ လဲနေပြီ”

မရွှန်းလဲ့မြတ်နိုးဟာ လစာ ကျပ်တစ်သိန်းခွဲနဲ့  အဲဒီစိုက်ခင်းမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အလုပ်ဝင်ပြီး သုံးပတ်အကြာမှာ အခုလိုဖြစ်ခဲ့တာလို့ မိခင်ဖြစ်သူကပြောပါတယ်။

အဟာရဆေးဝါးကုမ္ပဏီဟာ မြေဧက ၆၀ ကျော်မှာ ဆေးခြောက်အနွယ်ဝင် အပင်တွေစိုက်ပျိုးဖို့  စီစဉ်ထားပြီး ဧက ၂၀ ခန့်မှာ စမ်းသပ်စိုက်ပျိုးနေတာဖြစ်ကာ စိုက်ပျိုးနေဆဲကာလ အချိန် ကိုးလခန့်အကြာမှာ လူမှုကွန်ယက် စာမျက်နှာမှာပျံ့နှံလာတဲ့အတွက် အခုလိုဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

မစ္စတာဂျွန်နဲ့ အဆက်အသွယ်မရပေမဲ့ အမှု့ကိုဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့  မြန်မာနှစ်ယောက်အတွက် ရှေ့နေလိုက်ပါဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးသိန်းသန်းဦး ကပြောပါတယ်။

အဲဒီအမှုရုံးချိန်းကိုတော့ လာမဲ့ဇန်နဝါရီလ ၁၃ ရက်နေ့ မြင်းခြံခရိုင်တရားရုံးမှာ ချိန်းဆိုထာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။