ဆေးခြောက်စိုက်ပျိုးမှုနဲ့ ဖမ်းဆီးထားတဲ့ အမျိုးသမီးကို တရားရှင်လွှတ်
2020.02.10
ဆေးခြောက်လျှော်ပင်စိုက်ပျိုးမှုနဲ့ အမေရိကန်နိုင်ငံသားတစ်ဦးနဲ့အတူ တရားစွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မရွှန်းလဲ့မြတ်နိုးကို စွဲချက်မတင်ခင်မှာပဲ မြင်းခြံခရိုင်တရားရုံးကနေ တရားရှင်လွတ်လိုက်တယ်လို့ ရှေ့နေဖြစ်တဲ့ ဦးသိန်းသန်းဦးက ပြောပါတယ်။
မရွှန်းလဲ့မြတ်နိုးကို ကျန်းမာရေးအာမခံပေးဖို့အတွက် ပြီးခဲ့တဲလက မြင်းခြံခရိုင်တရားရုံးကို တင်သွင်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ဒီနေ့ ရုံးချိန်းမှာမှ ရုတ်တရက် တရားရှင် လွှတ်လိုက်တာဖြစ်ပါတယ်။
မန္တလေး၊ မြို့သာစက်မှု ဥယျာဉ်အတွင်းက စိုက်ခင်းအတွင်းမှာ တိုင်းအစိုးရခွင့်ပြုချက်နဲ့ စိုက်ပျိုးထားခဲ့ပေမယ့် မူးယစ်ဆေးဝါး စိုက်ပျိုးတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်နဲ့ မြန်မာနိုင်ငံသား အမျိုးသား တစ်ယောက်၊ အမျိုးသမီး တစ်ယောက်တို့ကို ထောင်ဒဏ် ငါးနှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲထားတာ ဖြစ်ပါတယ်။
“ရွှန်းလဲ့မြတ်နိုးက စွဲချက်မတင်ခင် တရားရှင်လွတ်တယ်၊ ကိုရှိန်းလတ်ကိုတော့ စွဲချက်တင်လိုက်တယ်၊ မြင်းခြံ ခရိုင်တရားရုံး တရားမျှတမှု အောင်ပွဲခံသွားပါတယ်။ နောက်ထပ်က ခံစစ်နဲ့ ခံပြစစ်ပြီးရင်ပြီးပြီ၊ နောက်ထပ် နှစ်ချိန်းအတွင်းပြီးမယ်၊ အပြတ်ဖြတ်မယ်၊ တစ်ယောက်ထဲဆိုတော့” လို့ တရားလွတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
ဒါပေမဲ့ မြန်မာဝန်ထမ်း နှစ်ဦးထဲက ကိုရှိန်းလတ်ကတော့ ယခင်စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ စွဲချက်တင် ခံလိုက်ရတယ်လို့ ရှေ့နေကပြောပါတယ်။ ဘယ်လို ဆုံးဖြတ်ချက်နဲ့ တရားစွဲတယ်ဆိုတာကိုတော့ အခုချိန်အထိ RFA က တိတိကျကျ စုံစမ်းလို့ မရသေးပါဘူး။
တရားရှင်လွတ်လာတဲ့ မရွှန်းလဲ့မြတ်နိုးရဲ့ ဖခင်ဖြစ်သူ ဦးမျိုးမင်းအောင်က
“ကလေးကို အမှုနဲ့မသက်ဆိုင်တော့လို့လို့ပြောတယ်၊ ကောင်းကောင်းမွန်မွန်တော့ နားမလည်လိုက်ဘူး၊ လူတွေအရမ်းများနေတော့၊ တရားရှင်လွတ်လိုက်တယ်လို့ ပြောတယ်။ ထီပေါက်တာထက်ကိုဝမ်းသာတယ်” လို့ ပြောပါတယ်။
မိခင်ဖြစ်သူ ဒေါ်ရီဝင်းက “အခုမှ တရားရုံးကထွက်ရတာ၊ သမီးကလွတ်သွားပြီး၊ လုံးဝမလာရတော့ဘူး၊ ဝမ်းသာတာမှ ပြောကိုမသွားတတ်ဘူး၊ အကုန်လုံးလည်း ကျေးဇူးတင်ပါတယ်။” လို့ ပြောပါတယ်။
ဒီအမှုမှာ စွဲဆိုခံထားရတဲ့ အမေရိကန်နိုင်ငံသား ဂျွန်တိုဒိုရိုကီဟာ ကျန်မာရေး အာမခံရရှိခဲ့ပြီးနောက် အခုအချိန်အထိ ဆက်သွယ်လို့မရ ဖြစ်နေတဲ့အတွက် ကျပ်သိန်း သုံးထောင်နဲ့ အာမခံပေးထားသူ ရန်ကုန်မြို့က ဒေါက်တာခင်မောင်ဝင်းကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ၅၁၄ အရ ရာဇဝတ်အထွေထွေ အမှုအဖြစ် ဇန်နဝါရီလ ၂၇ ရက်နေ့က မြင်းခြံခရိုင်တရားရုံးမှာ အမှုဖွင့်ခံထားရတယ်လို့ RFA က စုံစမ်းသိရပါတယ်။
အဟာရဆေးဝါးကုမ္ပဏီဟာ မြေဧက ၆၀ ကျော်မှာ ဆေးခြောက် အနွယ်ဝင်အပင်တွေကို စမ်းသပ်စိုက်ပျိုးဖို့ စီစဉ်ထားပြီး ဧက ၂၀ ခန့်မှာ စမ်းသပ်စိုက်ပျိုးနေတာဖြစ်ပြီး စိုက်ပျိုးနေဆဲကာလ အချိန် ကိုးလခန့်အကြာမှာ ၂၀၁၉ ခုနှစ် ဧပြီလက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
လာမယ့်ရုံးချိန်းကိုတော့ လာမယ့် ၂၄ ရက်နေ့ကို ချိန်းဆိုထားပါတယ်။