ဆေးခြောက်စိုက်ပျိုးမှုနဲ့ ဖမ်းဆီးထားသူကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်

သန့်ဇင်ဦး၊ ခေမဏီဝင်း
2020.03.10

မန္တလေး၊ မြို့သာစက်မှုဥယျာဉ်ထဲ ဆေးခြောက်လျှော်ပင်စိုက်ပျိုးမှုနဲ့ တရားစွဲခံထားရတဲ့ စိုက်ခင်းတာဝန်ခံ ဦးရှိန်းလတ် ကို မြင်းခြံခရိုင်တရားရုံးက ဒီနေ့ အလုပ်နဲ့ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။

မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)အရ  ထောင်ဒဏ် ၁၀ နှစ်နဲ့ ၁၉(က)အရ အနှစ် ၂၀ ချခဲ့တာဖြစ်ပေမယ့် စိုက်ခင်းတာဝန်ခံ ဦးရှိန်းလတ်ကို ပြစ်ဒဏ်နှစ်ခုလုံး တစ်ပေါင်းတည်း ကျခံစေဖို့ တရားရုံးက ဒီကနေ့ အမိန့်ချခဲ့တာပါ။

ဒီအမှုမှာ အဓိကတရားခံဖြစ်တဲ့ အမေရိကန်နိုင်ငံသား ဂျွန်တိုဒိုရိုကီ ကတော့ နိုင်ငံကူးလက်မှတ်အသစ်နဲ့ ထိုင်းနယ်စပ်ကတဆင့် အမေရိကန်နိုင်ငံကို ခိုးပြန်သွားတယ်လို့ ဧရာဝတီသတင်းမှာ မတ်လ ၆ ရက်နေ့က ရေးသားထားပါတယ်။

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်အောင်က တရားရုံးကို စွဲဆိုတင်ပို့ပြီးသားဖြစ်လို့ တရားရုံးရဲ့အပိုင်းသာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

"တရားရုံးက အာမခံပေးထားတာကနေ ပြေးတာတော့ဟုတ်တယ်၊ ကျွန်တော်တို့က ပြေးတာကိုပဲသိတာ၊ ဘယ်ကို ပြေးတယ်ဆိုတာတော့ မသိဘူးဗျ၊ သူ့ကိုအမှုဖွင့်တာက ကျွန်တော်တို့က တရားခံပြေးနဲ့ပဲ ဒီအမှုကိုဆက်ပြီး တရား ရုံးကပဲလုပ်တော့မှာလေ၊ ကျွန်တော်တို့ရဲပိုင်းကတော့ တရားစွဲဆိုပြီးသွားတဲ့အခါမှာ ဒီတရားခံနဲ့ တပါတည်း စွဲတင်တာ၊ တရားရုံးက အာမခံပေးတဲ့အတွက် ကျန်တဲ့အပိုင်းကတော့ တရားရုံးအပိုင်းဖြစ်သွားမယ်။"

မြို့သာစက်မှု ဥယျာဉ်အတွင်းက စိုက်ခင်းထဲမှာ တိုင်းအစိုးရခွင့်ပြုချက်နဲ့ လျှော်ပင်တွေ စမ်းသပ်စိုက်ခဲ့တာ ဖြစ်ပေမယ့် မူးယစ်ဆေးဝါး စိုက်ပျိုးတယ်ဆိုတဲ့ စွဲချက်နဲ့ သရီးအမ် IIIM ကုမ္ပဏီ ပိုင်ရှင် အမေရိကန်နိုင်ငံသား ခြောက်ယောက်နဲ့ ဝန်ထမ်း မြန်မာနိုင်ငံသား နှစ်ယောက်ကို ထောင်ဒဏ် ငါးနှစ်ကနေ  သေဒဏ်အထိ ချမှတ်နိုင်တဲ့ မူးယစ်ပုဒ်မတွေနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

အဲဒီအထဲက အမေရိကန်နိုင်ငံသား ဂျွန်တိုဒိုရိုကီနဲ့ ဝန်ထမ်းတွေဖြစ်တဲ့ ဦးရှိန်းလတ်နဲ့ မရွန်းလဲ့မြတ်နိုးတို့ သုံးယောက်ကတော့ ပြီးခဲ့တဲ့နှစ်ဧပြီလကတည်းက မြင်းခြံအကျဉ်းထောင်တွင်းကနေ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ကျန်တဲ့ အမေရိကန်နိုင်ငံသား ငါးယောက်ကိုတော့ တရားခံပြေးအဖြစ် တရားရုံးကသတ်မှတ်ထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက တရားဝင်ဆောင်ရွက်တဲ့ လုပ်ငန်းဖြစ်လို့ ဒီအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတာလို့ RFA ကို ဒီဇင်ဘာလရုံးချိန်မှာ ဖြေခဲ့ပါတယ်။

“ဒီအမှုကြီးတစ်ခုလုံးကို တည်ဆောက်ထားတာက မခိုင်လုံတဲ့ထွက်ချက်တွေနဲ့ လုပ်ထားတာဖြစ်တယ်။ အမှုမှာ ထင်ရှားတဲ့အချက်က သရီးအမ်ကုမ္ပဏီဖြစ်တယ်။ နယ်သမားတွေ ဝင်ငွေတိုးမယ်လို့ ယုံကြည်တဲ့အတွက် ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့အတွက် တရားဝင်ဆောင်ရွက်တာပါ။  မန္တလေးတိုင်းဒေသကြီး အစိုးရဆီစာရေးပြီး ခွင့်ပြုမိန့်တောင်းခဲ့တယ်။ ဟိုကလည်း ခွင့်ပြုတယ်”

ဂျွန်တိုဒိုရိုကီကတော့ ကျန်မာရေး အာမခံရခဲ့ပြီး အခုအချိန်အထိ ဆက်သွယ်လို့မရဖြစ်နေတဲ့အတွက် ကျပ်သိန်း သုံးထောင်နဲ့ အာမခံပေးထားသူ ရန်ကုန်မြို့က ဒေါက်တာခင်မောင်ဝင်းကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ၅၁၄ အရ ရာဇဝတ်အထွေထွေအမှုအဖြစ် ဇန်နဝါရီလ ၂၇ ရက်နေ့က မြင်းခြံခရိုင်တရားရုံးမှာ အမှုဖွင့်ထားပါတယ်။

ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာတော့ အာမခံပေးသူ ဒေါက်တာခင်မောင်ဝင်းရဲ့ အာမခံငွေ သိန်းသုံးထောင်ကို တရားရုံးကိုပေးသွင်းဖို့ အမိန့်ချခဲ့ပြီးဖြစ်ပါတယ်။

ဘယ်သူ့ကိုမှ မနစ်နာစေချင်လို့ ကူညီပေးတာဖြစ်တယ်လို့ ဒေါက်တာခင်မောင်ဝင်းက ပြောပါတယ်။

"အနှစ် နှစ်ဆယ်ချတယ် ကြားတယ်ဗျ၊ ဒီနေ့က သူတို့ရှေ့နေတွေလည်း တရားရုံးမလားဘူးကြားတယ်ဗျ၊ အဲလို မျိုးလည်း မထင်ဘူးထင်ပါတယ် ကျွန်တော်ထင်တာတော့၊ ကျွန်တော်ကလည်း လူမှုရေးနဲ့ပါ၊ လူမှုရေးရယ် စီးပွားရေးရယ် အနာခံပြီးလုပ်ပေးသော်လည်း ငပွကြီးလို လူမုန်းကလည်းခံရသေးတယ်၊ အထင်သေးကလည်း ခံရသေးတယ် အဲလိုဖြစ်နေတာဗျာ၊ အတွေးအခေါ်ကတော့ ကိုယ့်ယုံကြည်မှုနဲ့ ကောင်းမယ်ထင်လို့ အကောင်းပဲ ထင်ပြီးလုပ်ပေးလိုက်ကြတာပေါ့နော်၊ ဘယ်သူ့ကိုမှ နစ်နာပါစေ နိုင်ငံတော်လည်းနစ်နာပါစေ ဘာကိုမှမရှိပါဘူး၊ ပုဂ္ဂိုလ်ရေးနစ်နာပါစေ သာစေ နာစေလည်း မရှိပါဘူး။"

RFA က ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကို ဆက်သွယ်ပြီး ဂျွန်တိုဒိုရိုကီ ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါမှတော့ သံရုံးအနေနဲ့ ပြောခွင့်မရှိဘူးလို့ တုံ့ပြန်ပါတယ်။

အမေရိကန်နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ကို သံရုံးအနေနဲ့ ပြောခွင့်မရှိပါဘူး။

တရားစွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မရွှန်းလဲ့မြတ်နိုး ကိုတော့ ၁၁ လ ကြာအောင် မြင်းခြံထောင်ထဲကနေ အမှုရင်ဆိုင်ခဲ့ရပြီး ဖေဖော်ဝါရီလ ပထမပတ် စွဲချက်မတင်ခင်မှာ မြင်းခြံခရိုင် တရားရုံးကနေ တရားရှင်လွတ်လိုက်တာပါ။

စိုက်ပျိုးဖို့လက်ခံထားတဲ့ သရီးအမ် IIIM ကုမ္ပဏီဟာ ငါန်းဇွန်မြို့နယ်က မြေဧက ၆၀ ကျော်မှာ ဆေးခြောက် အနွယ်ဝင်အပင်တွေကို စမ်းသပ်စိုက်ပျိုးနေတုန်း ကိုးလလောက်အကြာမှာ မန္တလေးမြို့ ဓာတုဗေဒစစ်ဆေးရေး ဌာနက စိုက်ခင်းကိုဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီလိုစစ်ဆေးတဲ့အခါမှာ ဒီအပင်တွေဟာ ဆေးခြောက် Cannabis ဖြစ်တယ်လို့ဆိုပြီး ၂၀၁၉ ခုနှစ် ဧပြီလမှာ ဂျွန်တိုဒိုရိုကီ၊ ဦးရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုးတို့ သုံးယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

အခုလို ဆေးခြောက်အနွယ်ဝင်အပင်တွေကို မြန်မာနိုင်ငံမှာ အမြောက်အမြားလာပြီး စိုက်ပျိုးဖို့ တရုတ်နိုင်ငံ ကလည်း မြန်မာအစိုးရကို ကမ်လှမ်းထားတာတွေရှိတယ်လို့ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းက RFA ကိုပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။