တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ကျောက်တန်းရွာသား တစ်ဦးသေဆုံး


2019.07.08
mgzawlin-622.jpg ရသေ့တောင်ဆေးရုံမှာ သေဆုံးသွားတဲ့ ကျောက်တန်းကျေးရွာသား ကိုမောင်ဇော်လင်းကို ၂ဝ၁၉ ခုနှစ် မေလ ၃ ရက်နေ့က တွေ့ခဲ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ မေလ ၂ ရက်နေ့က အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ ဒဏ်ရာရသွားသူတွေထဲက နောက်ထပ်တစ်ဦးဖြစ်သူ အသက် ၃၀ အရွယ် ကိုမောင်ဇော်လင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ရသေ့တောင်ဆေးရုံမှာ သေဆုံးသွားပြီး သူ့ရဲ့ရုပ်အလောင်းကို ဒီနေ့ နေ့လယ်မှာပဲ ရသေ့တောင်မြို့မှာ သဂြိုၤဟ်လိုက်ပါတယ်။

ပစ်ခတ်ခံရမှုဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ ရှစ်ဦးထဲက အခြားတစ်ဦးဖြစ်တဲ့ ကိုအောင်လင်းကျော်ဟာ ရန်ကုန်မှာ ဆေးကုသမှုခံယူရင်း မေလ ၁၄ ရက်နေ့က သေဆုံးခဲ့ပြီး အခု ကိုမောင်ဇော်လင်း သေဆုံးမှုဟာ ဒဏ်ရာရသူ ရှစ်ဦးထဲက သေဆုံးသူ နောက်ထပ်တစ်ဦး တိုးလာတာဖြစ်ပါတယ်။

ကိုမောင်ဇော်လင်း သေဆုံးမှုနဲ့ပတ်သက်လို့ သူ့ရဲ့ဇနီးဖြစ်သူ မခိုင်စိုးဝင်းက အခုလိုပြောပါတယ်။

"အစတုန်းက သူကဖျားပါတယ်။ ဖျားပြီးတော့ သွေးဝမ်းလည်း နည်းနည်းသွားပါတယ်။ အဖျားကောင်း တော့ သွေးလိုလာလို့ သွေးသွင်းပါတယ်။ သွေးတစ်လုံးကုန်တာနဲ့ မျက်စိတွေလည်လာပါတယ်။ ဒုတိယတစ်လုံးသွင်းတာနဲ့ သတိနည်းနည်းပျက်လာပါတယ်။ နောက်တစ်လုံးထပ်သွင်းတော့ သတိလုံးဝ မရတော့ပါဘူး။ အဆိပ်ရောင်တွေ တက်လာပါတယ်။ မွန်းကျပ်လာတယ်။ အောက်ဆီဂျင်ပေးထားရာ ကနေ စနေနေ့ည ၁၀ နာရီလောက်မှာ ဆုံးသွားပါတယ်။ ဆရာဝန်ကတော့ ကျည်ဆန်အဆိပ်ပြန့်သွား တာလို့ ပြောပါတယ်"

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ AA အဖွဲ့နဲ့ပတ်သက်လို့ သံသယနဲ့ ရွာသား ၂၇၅ ဦးကို တပ်မတော် က ကျေးရွာစာသင်ကျောင်းမှာ ထိန်းသိမ်းစစ်ဆေးခဲ့ပြီး မေလ ၂ ရက်နေ့ မနက် ၂ နာရီလောက်မှာ အကြမ်းဖက်ဖို့ ကြိုးစားလာတယ်လို့ အကြောင်းပြပြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ကနဦးကာလမှာ လူ ခြောက်ဦး ပွဲချင်းပြီး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ကိုမောင်ဇော်လင်းဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ ယာဘက်လက်မှာရရှိထားတဲ့ သေနတ် ကျည်ဒဏ်ရာ ကြောင့် မေလ ၂ ရက်နေ့မှာ စစ်တွေဆေးရုံကြီးမှာ ကနဦး ဆေးကုသမှုခံယူခဲ့တာပါ။

ဆေးရုံကဆင်းသွားပြီးနောက်မှာလည်း ဆေးဝါးကုမှု ကောင်းကောင်းမခံယူခဲ့ရတာကြောင့် ဒဏ်ရာမှာ ပိုးဝင်သွားခဲ့ပြီး သူမသေခင်အချိန်အထိ လက်တစ်ဘက် လုံးဟာ ရောင်ရမ်းနေခဲ့တာလို့ သူ့ရဲ့ဇနီး မခိုင်စိုးဝင်းကပြောပါတယ်။

ကျောက်တန်းကျေးရွာသား ကိုမောင်ဇော်လင်း မကွယ်လွန်ခင် RFA က သီးသန့်တွေ့ဆုံမေးမြန်းစဉ်ကိုအောင်ဇော်လင်းကို သူမကွယ်လွန်မီက RFA က သီးသန့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပြီး သူကအခုလို တောင်းဆိုခဲ့ပါတယ်။

"ကျွန်တော်တို့ပြည်သူလူထုကို ညှာတာပေးပါ၊ သနားပေးပါလို့ တောင်းဆိုပါတယ်။ အပြစ်မရှိတဲ့ လူတွေကိုအပြစ်မရှာပါနဲ့လို့လည်း ပြောကြားလိုပါတယ်။ အခုလို မတော်မတရား ပစ်သတ်နှိပ်စက် ရိုက်နှက်တာ၊ စွပ်စွဲတာကို ပိုပြီးစိုးရိမ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒါမျိုးတွေကို ရပ်တန့်ပေးပါလို့ ကျွန်တော် ပြောချင် ပါတယ်"

စစ်တွေမြို့အခြေစိုက် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းက ကိုအောင်ဇော်လင်း သေဆုံးခဲ့ ရတဲ့ဖြစ်စဉ်အပေါ် အခုလိုဝေဖန်ပါတယ်။

"အဓိက ကျွန်တော်တို့ပြောချင်တာကလေ အပြင်မှာ အခုဖြစ်နေတဲ့ အထဲမှာ စစ်တပ်ကနေပြီးတော့ အဲလိုပဲပြည်သူတွေကို ဖမ်းတယ်၊ နှိပ်စက်တယ်၊ စစ်ဆေးတယ်၊ သူတို့လက်ထဲ မှာပဲ အဲလိုရိုက်နှက်ပြီးတော့ သေဆုံးတာတွေရှိတယ်။ နောက်တစ်ခါ အခုက အဲဒီ ကျည်သေနတ်ဒဏ်ရာနဲ့ အဲလိုသေရတဲ့ဟာရှိတယ်ဆိုတော့ ကျွန်တော်ပြောချင်တာက စစ်ရာဇဝတ်မှုကို ကျူးလွန်းတာပဲလို့ အဲလို ပြောချင်ပါတယ်"

တပ်မတော်အောက်ခြေတပ်ဖွဲ့တွေက အခုလို ရာဇဝတ်မှုကျူးလွန်တာတွေရပ်တန့်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ညွှန်ကြားပေးဖို့ လိုအပ်တယ်လို့လည်း ဦးမြတ်ထွန်း ကပြောပါတယ်။

ကိုမောင်ဇော်လင်း သေဆုံးမှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ ဒီကိစ္စကို မသိရှိသေးဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ပြောဆိုတာတွေနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ ဗိုလ်ချုပ် ထွန်းထွန်းညီတို့ကို RFA က ဒီနေ့ညနေ ငါးနာရီကျော်အထိ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

တပ်မတော်က ကျောက်တန်းကျေးရွာသားတွေကို ဖမ်းဆီးထားချိန်အတွင်း ရွာသားတွေက ညာသံပေးပြီး တိုက်ခိုက်ဖို့ ကြိုးစားတာကြောင့် မလွှဲမရှောင်သာ ပစ်ခတ်ခဲ့ရတာဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က မေလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း တပ်မတော်က ဖမ်းဆီးစစ်ဆေးပြီးနောက် သေဆုံးသူဟာ အရင်က ၁၄ ဦးအထိ ရှိခဲ့ရာကနေ အခုနောက်ထပ်တစ်ဦး တိုးလာတာလည်း ဖြစ်ပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။