ကျောက်တန်းရွာဖြစ်စဉ် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
2019.06.13

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ မေလ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရွာသား ခြောက်ယောက်သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ရာမှာ တွေ့ရှိခဲ့ရတဲ့ အခြေအနေပတ်သက်ပြီး ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန် လိုက်ပါတယ်။
AA အဖွဲ့ဝင်တွေ ရွာသားတွေနဲ့ ရောနှောနေတာကို စိစစ်ဖော်ထုတ်ဖို့ တပ်မတော်က ဆောင်ရွက်ရာကနေ ဖြစ်ပွားခဲ့တယ်လို့ သိရှိရကြောင်း၊ ယေဘုယျအားဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျေးရွာသားတချို့အပေါ် သံသယရှိသကဲ့သို့ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ကျေးရွာသားတွေဘက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်နေတာကို တွေ့ရှိရကြောင်းပါရှိပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ ရွာသား ၂၇၅ ယောက်ကို တပ်မတော် က ခေတ္တထိန်းသိမ်းထားစဉ် မေလ ၂ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွာသား ခြောယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တာပါ။
ဒီကိစ္စအပေါ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က မေ ၂၈ ကနေ ၃၀ ရက်ထိ ၃ ရက်ကြာ ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ကော်မရှင်က ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ စစ်တွေမြို့ရဲစခန်းမှာ အချုပ်နဲ့ ထိန်းသိမ်းထားပြီး တရား ရင်ဆိုင်နေရတဲ့ ရွာသား ရှစ်ယောက် ဖြစ်စဉ်တွင်ပါဝင်ခဲ့တဲ့ ဒဏ်ရာရရှိသူတွေအပါအဝင် တခြားရွာသား ခြောက်ယောက်နဲ့ သေဆုံးသွားကြတဲ့သူတွေရဲ့ မိသားစုဝင် ခုနှစ်ယောက်၊ လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်ရင်းမှူး အပါအဝင် တပ်မတော်သား ရှစ်ယောက်၊ ရဲစခန်းမှာ အချုပ်နဲ့ ထိန်းသိမ်းထားပြီး တရားရင်ဆိုင်နေ ရသူတွေရဲ့မိသားစုဝင် ရှစ်ယောက်၊ အလောင်းတွေကို ရင်ခွဲစစ်ဆေးခဲ့သူ ဆရာဝန် တစ်ယောက်၊ စုစုပေါင်း ၃၈ ယောက်တို့ကို တွေ့ဆုံမေးမြန်းခဲ့တာပါ။
အဲလို တွေ့ဆုံမေးမြန်းရာမှာ ခေတ္တထိန်းသိမ်းထားသူတွေထဲက ရွာသားတစ်ယောက်က ထွက်ပြေးဖို့ ကြိုးစား တာကြောင့်အပေါ်သို့ ပစ်ခတ်မှုစတင်ခဲ့ကြောင်း အဲလို ခြောက်လှန့်ပစ်ခတ်စဉ်မှာ စိတ်မနှံ့သူလို့ ဆိုသူတစ်ယောက် က အော်ဟစ်တာကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားရာမှာ လုံခြုံရေးတာဝန်ကျသူတွေက ပစ်ခတ်ခဲ့ကြောင်း၊ ထွက်ပြေး ဖို့ ကြိုးစားသူတွေကို ဟန့်တားဖို့ လုံခြုံရေးတာဝန်ကျသူတွေက အပေါ်ကိုထောင်ပြီး ခြောက်လှန့်ပစ်ခတ်ခဲ့သော် လည်း အချို့က ကင်းအဖွဲ့ရှိရာကို ပြေးဝင်လာလို့ ပစ်ခတ်ခံရကြောင်း ထွက်ဆိုကြတယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ထိန်းသိမ်းစစ်ဆေးနေသူတွေဟာ ထိန်းသိမ်းစစ်ဆေးသူတွေက လူစုလူဝေးနဲ့ ညာသံပေးပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်တွေကို ရန်မူဖို့ကြိုးပမ်းလာခဲ့တဲ့အပေါ် သေနတ်မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲဖို့ကြိုးပမ်းခဲ့ကြောင်း၊ ဒီလို လုပ်ဆောင်ပေမယ့် ရပ်တန့်သွားတာမျိုးမရှိဘဲ ရန်မူဖို့ ဆက်လက်ကြိုးပမ်းလာတာကြောင့် မလွှဲမရှောင်သာ ပစ်ခတ်ထိန်းသိမ်းခဲ့ရကြောင်း ပြောကြားထားပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်အရာရှိတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး ကျောက်တန်းဖြစ်စဉ်ကို စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင်နဲ့ ကိုရဲတိုက် ပေးပို့တာဖြစ်ပါတယ်။