ကျောက်တန်းရွာဖြစ်စဉ် လူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းစစ်ဆေး
2019.05.31

ပြီးခဲ့တဲ့မေလအစောပိုင်းတုန်းက တပ်မတော်က သံသယရှိလို့ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ကျောက်တန်းရွာသားတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင် အဖွဲ့ဝင်တွေက မြေပြင်မှာ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
တပ်မတော်က ဖမ်းဆီးပြီး အမှုဖွင့်ထားတဲ့ ကျောက်တန်းရွာသား ရှစ်ဦးကို ပြည်နယ်ရဲစခန်းမှာ တေ့ွဆုံမေးမြန်း တာအပြင် ကျောက်တန်းရွာကိုလည်း သွားရောက်ပြီး ဒေသခံရွာသားတွေကို တွေ့ဆုံမေးမြန်းတာတွေရှိခဲ့ပါတယ်။
ဒါ့အပြင် သေဆုံးသွားတဲ့ ရွာသား ခုနှစ်ယောက်ရဲ့ မိသားစုဝင်တွေကို ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်ခင်စောဝေ၊ ဦးသန်းနိုင်၊ ဦးတင်မောင်းဝင်းတို့အတူ တေ့ွဆုံမေးမြန်းတာတွေကို မေလ ၂၇ ရက်နေ့ကစတင်ပြီး မေးမြန်းခဲ့ပါတယ်။
ကျောက်တန်းဖြစ်စဉ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ရင်းမှူးနဲ့ အရာရှိစစ်သား ရှစ်ဦးကိုလည်း တွေ့ဆုံမေးမြန်း ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တိုက်ပွဲတွေကြောင် ရသေ့တောင်မြိုနယ်၊ ရေစိုးချောင်းကျေးရွာကနေ ရွှေကျင်းကျောင်းမှာ ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေနဲ့လည်း တွေဆုံမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးကော်မရှင်က တွေ့ရှိချက်တွေအပေါ် အခြေခံပြီး သုံးသပ်ချက် အကြံပြုချက်တွေကို သက်ဆိုင်ရာဌာနတွေကို ဆက်လက်ပေးပို့သွားမယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခနဲ့ ကိုမင်းသိန်းအောင် ပေးပို့တာပါ။