ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းပေးဖို့ ဒေသခံတွေ တောင်းဆို
2018.04.30

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးမှာ အကောင်အထည်ဖော်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဖျက်သိမ်းပေးဖို့ ဒေသခံတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
အောင်သပြေကျေးရွာ စည်သာဘုန်းကြီးကျောင်းမှာ ဒေသခံတွေက စီမံကိန်းအကောင်အထည်ဖော်နေတဲ့ မြင့် ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီ ပြင်ပဆက်ဆံရေးတာဝန်ရှိသူတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ဒီနေ့ တေ့ွဆုံစဉ်မှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
စီမံကိန်းကြောင့် ဒေသခံပြည်သူတွေရဲ့ လူမှုပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာနိုင်တာကြောင့် ဖျက်သိမ်းပေးဖို့ တောင်းဆိုတာဖြစ်ကြောင်း ပြောကြပါတယ်။ လတ်တလောမှာ ဒေသခံတွေ အသုံးပြုနေတဲ့ လမ်းတံတားတွေ ပျက်စီးမှုနဲ့ ရင်ဆိုင်နေရပြီး သစ်ပင်ပေါင်း တစ်ထောင်ကျော် ခုတ်လှဲခံရသလို ရေတွင်းရေကန်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ကုမ္ပဏီကို ၂၀၁၅ ခုနှစ် ဇွန်လ က လုပ်ကိုင်ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ စက်ရုံတည်ဆောက်ဖို့ ပန္နက်တင်အခမ်းအနား ကျင်းပခဲ့ပါတယ်။
အဲဒီစီမံကိန်းနဲ့ပတ်သတ်ပြီး ကျေးရွာအနီးကနေ ဖြတ်သန်းသွားလာနေတဲ့ ကုမ္ပဏီယာဉ်တွေကို လမ်းပိတ်ဆို့ပြီး တားဆီးထားတဲ့အတွက် ရွာသားအချို့ကို ကုမ္ပဏီဘက်က တရားလိုပြုလုပ်ပြီး အမှုဖွင့်လှစ်ထားပါတယ်။
အဲဒီစီမံကိန်းကို ဖျက်သိမ်းပေးဖို့ ဒေသခံတွေက သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာတွေထံ ကန့်ကွက်စာတွေ အကြိမ်ကြိမ်တင်ပြခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆန္ဒပြကန့်ကွက်ခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ ကုမ္ပဏီရဲ့ ပြင်ပဆက်ဆံရေး တာဝန်ရှိသူတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ဒေသခံတွေရဲ့ သဘောထားတွေကိုသာ နားထောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက တေ့ွရှိချက်တွေကို အစီရင်ခံစာ ထုတ်ပြန်မှာဖြစ်ပါတယ်လို့ သိရပါတယ်။